Tuesday, March 8, 2016

ခဲခြစ်ပန်းချီ ပါရမီရှင် ရဲရင့်ဟိန်းနှင့်တွေ့ဆုံခြင်း



" ရုပ်သံကဏ္ဍတွေမှာ လူငယ်တွေကို ဦးစားပေးတင်ဆက်ပြီး Talent ရှိမယ့် လူငယ်တွေကို စီစဉ်ဖော်ထုတ်ပေးမယ့် အရာမျိုးတွေ တစ်နေ့တစ်ချိန်ကျရင် ရှိလာစေချင်တယ်လို့ပြောချင်ပါတယ် "


မေး - ခုလို ခဲတံ တစ်ချောင်းတည်းနဲ့ ပုံတူပန်းချီကို လက်ရာမြောက်အောင်ရေးဆွဲနိုင်တာကို တွေ့ရတယ် ၊ ဘယ်အရွယ်ကတည်းကများ ပန်းချီကိုစတင်ရေးဆွဲခဲ့ပါသလဲ ။
ဖြေ - လက်ရှိ ကျွန်တော့်အသက် ၂၃ ဆိုတော့ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော် မူလတန်းအရွယ် လောက်မှာစဆွဲဖြစ်ခဲ့တယ် ။ မှတ်မှတ်ရရ လေးတန်းအရွယ်မှာ သိပ္ပံဘာသာရပ်မှာပါတဲ့ အပင်ပုံ ၊ လူပုံ ၊ အကောင်ပုံတွေကိုကိုပေါ့ ။ ပြီးတော့ ကာတွန်းရုပ်ပြ ညီသက်ပိုင် ၊ သက်ပိုင်ရဲ ၊ မင်းခန့်ဖြိုး ကျွန်တော်ရဲ့  မြင်ဆရာတွေလို့ပြောလို့ရမယ် ။ နယ်မှာနေတာဆိုတော့ သူတို့ဆွဲတဲ့ပုံတွေကိုကြည့်ပြီး အရမ်းအားကျတာနဲ့ လူပုံတူပန်းချီတွေကို ရူးရူးမူးမူးဆွဲဖြစ်ခဲ့တယ် ။

မေး - ဒါဆိုရင် ငယ်ငယ်လေးကတည်းက ဆွဲလာခဲ့တာဆိုတော့ အလယ်တန်း ၊ အထက်တန်းကျောင်းသားဘဝ တွေမှာရော ဆရာ ၊ ဆရာမတွေ အသိမှတ်ပြုခဲ့လား ?
ဖြေ - ဟုတ်ကဲ့ လွယ်လွယ်ကူကူအသိမှတ်ပြုခဲ့တာမျိုးမဟုတ်ပါဘူး ။ ကျွန်တော်ကလည်း သူတို့အသိအမှတ်ပြုဖို့ ဆိုပြီး ပန်းချီကိုဆွဲတာမျိုးမဟုတ်ပါဘူး ။ ကိုယ့်ဝါသနာအရ ဆွဲတဲ့သဘောပါ ။ လူကြီးတွေ စပြီး သတိထားမိတဲ့ အချိန်က ကျောင်းမှာ ဦးဘဂျမ်းအကြောင်းသင်တော့ အရမ်းစိတ်ဝင်စားသွားပြီး မီးသွေးခဲနဲ့ ဆွဲလို့ရတယ်ဆိုလို့ အိမ်ပြန်ရောက်ရောက်ချင်းပဲ မီးသွေးထားတဲ့နေရာက မီးသွေးခဲတွေယူ အိမ်နံရံတွေပေါ်မှာဆွဲ ၊ ကျောင်းမှာလည်း ဆရာမတွေရဲ့ မြေဖြူနဲ့ နံရံတွေပေါ်မှာ ပန်းချီတွေဆွဲနေရင်းက ကျွန်တော့လက်ရာကို လူကြီးတွေ သတိထားလာတယ် ။ ဒီလိုနဲ့ ကျောင်းမှာရှိတဲ့ သူငယ်တန်းကနေ - ၁၀ တန်းအထိရှိသမျှ အခန်းတွေအားလုံးမှာ လိုအပ်တဲ့ သင်ထောက်ကူပန်းချီတွေကို ဆွဲပေးဖို့ အကူအညီတောင်းတော့ ဆွဲပေးဖြစ်ခဲ့တယ် ။ စာသင်ခန်း တစ်ခန်းကို သုံးပုံလောက်စီရှိမယ် ၊ ကိုယ်တိုင်ပဲဆွဲတယ် ၊ ကိုယ်တိုင်ပဲ လိုက်ကပ်ပေးခဲ့ပါတယ် ။

မေး - ပုံတူပန်းချီကို ဘယ်ဟာကိုကြည့်ပြီး အရင်ဆုံးစဆွဲခဲ့လဲ ။
ဖြေ - ဘုရားပုံတော်ပါ ။ အောင်ခြင်း ရှစ်ပါးပုံကို အကုန်ဆွဲခဲ့ပါတယ် ။ ပုံအောက်မှာ စာအတိုကောက်လေးတွေရေးပြီး အိမ်မှာကပ်ထားတော့ အိမ်ကိုဧည့်သည်တွေလာရင် တောင်းလို့ ခွာခွာပြီးပေးလိုက်ရတယ် ။ အိမ်မှာ တစ်ကားမှ မကျန်တော့ဘူး ။ နယ်မှာ မင်္ဂလာဆောင် ၊ ကျောင်းပွဲတော် ၊ ရှင်ပြု ၊ အသုဘ တွေကအစ လိုအပ်ရင်လိုအပ် သလို ပန်းချီ သို့မဟုတ် စာလုံးတွေ ဖောက်ပြီးလိုက်လုပ်ပေးရတယ် ။ ငွေရေးကြေးရေးနဲ့မဟုတ်ပဲ အလကား လိုက်လုပ်ပေးတယ် ။

မေး - နာမည်ကျော် ပုဂ္ဂိုလ်ပုံတူတွေဆွဲထားတာတွေ့တယ် ၊ Celebrity တွေကိုရော ဘယ်ပုံကိုစဆွဲဖြစ်ခဲ့လဲ ။
ဖြေ - ကျွန်တော် ၈ တန်းအရွယ်လောက်ထင်တယ် ။ အဲအချိန်တုန်းက ဂျွန်စော ၊ အွန်စော တို့ဇာတ်ကားက အရမ်းနာမည်ကြီးတာလေ ။ သူတို့ပုံတူတွေကိုဆွဲဖြစ်ခဲ့တယ် ။ မြန်မာ အနုပညာရှင်ထဲမှာဆိုရင် နေတိုးပုံကို ပုံတူဆွဲခဲ့တယ် ။ ကြီးပျင်းခဲ့ရတာက နယ်မှာဆိုတော့ ပန်းချီအထောက်အကူပြု ပစ္စည်းတွေ ဝယ်ဖို့ခက်တယ်ခဲ့တယ် ။ ဒါပေမယ့် အဲ့အရွယ်လောက်က ပန်းချီစာအုပ် ၁၀ အုပ်ကျော်လောက်ရေးဆွဲဖြစ်ခဲ့တယ် ။ ကျောင်းမှာနဲ့ ကျွန်တော်နေခဲ့တဲ့နယ်မှာတော့ လူတော်တော်လေး သိခဲ့ကြတယ် ။

မေး - ရဲရင့်ဟိန်း အမည်နဲ့ဆွဲတာက ငယ်ငယ်လေးကတည်းကလား
ဖြေ - နာမည်အရင်းက ကျော်ဇင်ပါ ။ ကျော်ဇင်အမည်နဲ့လည်း ဆွဲခဲ့ပါတယ် ။ နယ်ကနေ ဆယ်တန်းအောင်တော့ ရန်ကုန်မှာရှိတဲ့ အဒေါ်တွေဆီမှာ အလုပ်လာလုပ်ရင်း ကိုယ်ဝါသာနာပါတဲ့ ပန်းချီကို ရဲ ရင့်ဟိန်းအမည်နဲ့ပဲ ဆွဲဖြစ်ခဲ့တယ် ။ ရန်ကုန်ရောက်လာတော့ ဖေ့စ်ဘွတ်ခ်ကိုလည်း ကောင်းကောင်း သုံးတတ်လာရင်း ကိုယ်ဆွဲတဲ့ ပန်းချီလေးတွေကို ဖေ့စ်ဘွတ်ခ်ပေါ်တင်ရင်းနဲ့ကနေ အသိအမှတ်ပြုတာ ခံရလာတာမျိုးတွေရှိတော့ ဖေ့စ်ဘွတ်ခ် ကိုလည်း ကျေးဇူးတင်မိတယ် ။

မေး - ဆွဲခဲ့တဲ့ ပုံတူပန်ချီကားပေါင်းဘယ်လောက်ရှိပြီလဲ ။
ဖြေ - အခုအချိန်ထိ ဆွဲခဲ့ တဲ့ ပန်းချီးကားပေါင်း ၁၀၀ကျော်လောက် ရှိပြီ ။ အဲဒီ အထဲ မှာ ဗိုလ်ချုပ်ပုံ က အကား ၃၀ ကျော်ပါတယ် ။ ဗိုလ်ချုပ် နစ်တစ်ရာပြည့်မတိုင်မှီ ၂ လ လောက် အလိုထဲက နေ့မနား ညမနား ပုံတွေ ကိုလိုက်စု ဗိုလ်ချုပ်ပုံပါတဲ့ စာအုပ်တွေ လိုက်ဝယ် ။ ဂျပန် မှာ ရှိတဲ့ သူငယ်ချင်း ကောင်းထက်ပိုင် ဆီကလည်း ရသမျှ ဗိုလ်ချုပ်ပုံတွေ ပို့ပေးတယ် ။ အခြားသူငယ်ချင်းတွေဆီမှာရော ရသမျှ စုစု ပေါင်း၃၅ ကားဆွဲဖြစ်တယ် ။ ဗိုလ်ချုပ် နှစ် ၁၀၀ လည်းပြီးရော လူလည်း ပိန်ပြီး ဖျားတော့တာပါပဲ ။ ဒါပေမယ့် အားပေးတဲ့ Fan တွေ များလာတဲ့ အတွက် ပင်ပန်းရကြိုးတော့နပ်ခဲ့တယ် ။ အခြားပုံတွေကတော့ သခင်ကိုယ်တော်မှိုင်း ၊ အမေစု ၊ ဒေါ်ခင်ကြည် ၊ ဦးကျော်သူ ၊ ဦးဝင်တင့် အစရှိတဲ့ နာမည်ကျော် ပြည်တွင်းပြည်ပ အနုပညာရှင်ပုံတွေအများကြီးဆွဲဖြစ်ခဲ့တယ် ။

မေး - ကိုယ့်ရဲ့ ပန်းချီကိုရော ပြပွဲမှာပြသခဲ့ဖူးတာမျိုးရောရှိလား ။
ဖြေ - ပြပွဲကတော့ အစ်ကိုလို ခင်ရ လေးစားရတဲ့ ပန်းချီဆရာ ဝင်းလွင်ဦး ရဲ့ တိုက်တွန်းမူကြောင့် တစ်ကြိမ်ပြခဲ့ဖူးပါတယ် ၊ ဆွဲဖို့အချိန် မရှိတာနဲ့ အရင်ကဆွဲခဲ့ဖူးတဲ့ ကားဟောင်းလေးနဲ့ မိတ်ဆက်ပွဲ အနေနဲ့ တစ်ကြိမ် ဝင်ပြခဲ့တာပါ ။

မေး - တစ်ရက်ကိုဘယ်နှစ်ပုံလောက်ဆွဲဖြစ်ပြီး လာအပ်တဲ့သူတွေကိုရော ဆွဲပေးတာမျိုးရှိလား ။
ဖြေ - အလုပ်တစ်ဖက်နဲ့ဆိုတော့ အများကြီးတော့မဆွဲဖြစ်ဘူး ။ တစ်ရက်ကို ၂ ပုံ ၃ ပုံလောက်ပဲဆွဲဖြစ်တယ် ။ လာအပ်တဲ့သူတွေရှိပါတယ် ။ သူငယ်ချင်းတွေ ပြီးတော့ အဆက်အသွယ်နဲ့လာကြတဲ့သူတွေရှိပါတယ် ။ အယောက် ၂၀ ၊ ၃၀ လောက်တော့ရှိပါတယ် ။ ကျွန်တော်က အခမဲ့ဆွဲပေးတာဆိုတော့လေ ။ ဒါပေမယ့် အခုအားလုံးအကျိုးရှိအောင် အနုပညာကြေးကိုယူမယ် ၊ ယူတဲ့ငွေတွေကို ပရဟိတ လုပ်ပြီး ပြန်လှူမှာပါ ။ ကျွန်တော်တတ်တဲ့ပညာလေးနဲ့ ရလာတာကို လှူတဲ့သဘောပါ ။ ပြီးတော့ ကျွန်တော်က ပညာရှင်လည်း မဟုတ်သေးဘူးလေ ။ သင်တန်းတွေ စနစ်တကျတက်ခဲ့တာမဟုတ်တော့ လာအပ်တဲ့သူတွေကိုလည်း အကျိုးရှိအောင် ပြန်လှူတဲ့သဘောပါ ။

မေး - ခုလိုခဲခြစ် ပန်းချီအပြင် အခြား တတ်ကျွမ်းတာမျိုးရောရှိလား ။
ဖြေ - ဟုတ်ကဲ့ ခဲခြစ်ပန်းချီအပြင် ကျွန်တော် ပန်းပုလည်း ထုတတ်ပါတယ် ။ ကျွန်တော်အလယ်တန်းကျောင်းသားဘဝ ကတည်းက ပန်းချီနဲ့အတူ ပန်းပုကိုလည်း အဲ့အချိန်ကတည်းက ထုစစ်တတ်ခဲ့တာပါ ။ ဝါသနာပါလာရတာကလည်း အဖေက နယ်ကနေရန်ကုန်ကို သွားပြန်လုပ်နေတဲ့ ကုန်သည်မို့လို့ တစ်ခါအဖေခေါ်လို့ ရန်ကုန်ရွှေတိဂုံဘုရား ဖူးရင်းနဲ့က ပန်းပုရုပ်တုတွေကိုတွေ့ပြီး သဘောကျခဲ့တာက စတာပါ ။ ဒီလို ရွာပြန်ရောက်တော့ ပိုးကစတော့တာပဲ ။ ခဲတံချွန်ဓားနဲ့ စပြီးလေ့ကျင့်ခဲ့တယ် ။ ပစ္စည်းအစုံအလင်မရှိခဲ့တာ ရှိတာနဲ့ ပဲ ကလိခဲ့တယ် ။ ကျွန်တော့် အိမ်ဘုရားကျောင်းဆောင်မှာ ရှိတဲ့ ရှင်သီဝလိ ရဟန္တာ ၊ ရှင်ဥပဂုတ္တမထေရ် ရဟန္တာ အစရှိတဲ့ပုံတော်တွေကို ခဲတံချွန်ဓားနဲ့ ထွင်းထုတယ် ။ အမေကလည်း အဲ့သြသွားသလို ကျောင်းကဆရာမတွေကလည်း သိသွားတယ် ။ ကျောင်းသား ကျောင်းသူတွေကလည်း သူတို့နေ့နံအလိုက် အဆောင်အဖြစ်သိမ်းထားဖို့ ပုံတော်တွေ ၊ ရုပ်တုတွေကို ထုစစ်ပေးခဲ့တယ် ။ ဥာဏ်ပူဇော်ခဆိုပြီး ၅၀၀၀ ၊ ၁၀၀၀၀ ရခဲ့တယ်အဲ့တုန်းက ။ ဒီလိုနဲ့ ရွာက ဘုန်းကြီးကျောင်းက ဘုန်းဘုန်းကသိသွားတော့ သူ့ကျောင်းဆောင်အတွက် ဘုရားဆင်း တုတော် ထုပေးပါလားဆိုတော့ တစ်ပေခွဲကျော်လောက်ရှိတဲ့ ပိတောက်သားကြီး တစ်တုံးချပေးတယ် ။ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ဘုန်းဘုန်းက ထုတ်ပေးတယ် ။ အဲ့ဒီအချိန်တုန်းက စိတ်အတော်လေးကို လုပ်ရှားခဲ့တယ် ။ ၁ လလောက်အချိန်ပေးပြီး ကြိုးစားထုစစ်ခဲ့အပြီးမှာ ဘုရားပုံတော် ထွက်လာတယ် ။ ဘုန်းဘုန်းလည်းအရမ်း သဘောကျပြီး သူ့ရဲ့  ဓာတ်တော်ဆိုလားမသိဘူး ဆင်းတုတော်ရဲ့  ဦးခေါင်းတော်တည့်တည့်ကနေ ကိုယ်အလည်အထိ လွန်းသွားနဲ့ဖောက် ဓာတ်တော်ထည့်ပြီးတော့ ခုချိန်ထိ ဘုန်းဘုန်းရဲ့ အခန်းမှာ ကိုးကွယ်ထားတယ် ။


မေး - လက်ရှိအချိန်မှာကော ဘာတွေလုပ်ပြီး ရှေ့ ဆက်ဘာတွေ လုပ်ဖို့ရှိသေးလဲ ။
ဖြေ - လက်ရှိအချိန်မှာတော့ ကျွန်တော်တတ်တဲ့ ပညာကနေ အသက်မွေးဝမ်းကျောင်းပြုလို့မရသေးတော့ သင်္ဘောဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်တယ် ။ ပန်းပုကတော့ သိပ်မထုဖြစ်တော့ဘူး ။ ပန်းချီကတော့ တောက်လျှောက်ဆွဲ ဖြစ်နေဦးမယ် ။ ကျွန်တော် အသက်ကြီးပြီး အိုလာတဲ့နေ့တွေအထိပေါ့ ။ ပြီးတော့ You tube ကနေ ပုံဆွဲနည်းတွေ ဒေါင်းပြီး step by step လေ့လာတယ် ။ လက်ရှိကတော့ you tube ကကျွန်တော့်ဆရာလိုဖြစ်နေတာပေါ့ ။ ဆရာ ဦးဝင်းဖေမြင့် ၊ ဆရာ ဘိုကလေးဌေးလွင် နဲ့ ညီကိုလိုချစ်ရတဲ့ ဆရာ ဝင်လွင်ဦး တို့ကတော့ ကျွန်တော်အားအရမ်းကျရတဲ့ သူတွေပေါ့ ။
ဖြည့်စွက်ပြီး ဘာတွေများ ပြောချင်ပါသေးလဲ ။
လက်ရှိ ကျွန်တော်တို့ မြန်မာပြည်မှာက ဖျော်ဖြေရေးအစီအစဉ်တွေမှာ လူငယ်တွေကို စင်တင်ပေးတဲ့ ကဏ္ဍတွေ အရမ်းနည်းတာကိုတွေ့ရတယ် ။ ကျွန်တော်က ပညာရှင်အဆင့်မဟုတ်ပေမယ့် ပညာရှင်အဆင့်ရှိပြီး အစွမ်းတွေကို ထုတ်ဖော်မပြသလိုက်ရတဲ့ လူငယ်တွေ မြန်မာပြည်မှာ အများကြီးရှိပါတယ် ။ ဒါကြောင့် ရုပ်သံကဏ္ဍတွေမှာ လူငယ်တွေကို ဦးစားပေးတင်ဆက်ပြီး Talent ရှိမယ့် လူငယ်တွေကို စီစဉ်ဖော်ထုတ်ပေးမယ့် အရာမျိုးတွေ တစ်နေ့တစ်ချိန်ကျရင် ရှိလာစေချင်တယ်လို့ပြောချင်ပါတယ် ။ ပြီးတော့ ခုလိုအချိန်ပေးပြီး မေးမြန်းပေးတဲ့ ကိုခွန်နေကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ် ။

ခွန်နေ - Khun Nay
www.innlaymedia.com


No comments:

Post a Comment